ဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေး

မြန်မာနိုင်ငံသည် လက်ရှိအရပ်ဖက်အစိုးရလက်ထက်တွင် တရားစီရင်ရေးနှင့် ဥပဒေကဏ္ဍများအပါအ၀င်၊ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်အမျိုးမျိုးကို ဆောင်ရွက်နေပါသည်။ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အရပ်ဖက် အဖွဲ့အစည်းများ (CSOs) များသည်လည်း၊ ထိုပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ထောက်ပံ့မှုအမျိုးမျိုး ပေးအပ်နေပါသည်။ EMReF အဖွဲ့သည် နိုင်ငံတကာသုတေသနအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု၊ ထောက်ပံ့မှုများဖြင့် ဥပဒေနှင့် တရားစီရင်ရေးကဏ္ဍများရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်များအရ၊ မူဝါဒနှင့် စီမံချက်များရေးဆွဲဖော်ထုတ်နိုင်ရာတွင် ပါဝင်ကူညီပေးနေပါသည်။ ထိုနိုင်ငံတကာ သုတေသနဌာနများနှင့် အဖွဲ့အစည်းများသည် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်မှုကို လက်လှမ်းမီရေးနှင့် ပုံစံတကျမဟုတ်သော တရားစီရင်ရေးစနစ်များနှင့်ပတ်သက်သည့် သုတေသန လုပ်ငန်းများကို တိုင်းရင်းသား ဒေသ အမျိုးမျိုးတို့တွင် ဆောင်ရွက်နေကြပါသည်။

EMReF အဖွဲ့သည် ပျိုးပင်၊ Danish Institute of International Studies နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်စသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းလျှက် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်မှုကို လက်လှမ်းမီရေး၊ ပုံစံတကျမဟုတ်သော တရားစီရင်ရေးစနစ်များနှင့် ဓလေ့ထုံးတမ်းဆိုင်ရာ တရားစီရင်ရေးစနစ်များနှင့်ပတ်သက်သည့် သုတေသနများ ပြုလုပ်နေပါသည်။ သုတေသနဧရိယာများတွင် ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် ရန်ကုန် ဒေသများ လွှမ်းခြုံပါဝင်သည်။ ပုံစံတကျမဟုတ်သော တရားစီရင်ရေးစနစ်ကို လေ့လာရန်အတွက် အစိုးရမဟုတ်သော လက်နက်ကိုင်အုပ်စုများက တစ်စိတ်တစ်ပိုင်းထိန်းချုပ်ထားသည့် နယ်မြေများတွင်လည်း သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

  • ဥပဒေစိုးမိုးမှုနှင့် တရားစီရင်ရေးကို လက်လှမ်းမီမှုလေ့လာခြင်းသုတေသနလုပ်ငန်း (Rule of Law and Access to Justice Mapping) ကို ၂၀၁၄ ခုနှစ်တွင် ဆောင်ရွက်ခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ကျေးရွာ/ရပ်ကွက် (၂၄)ခု လွှမ်းခြုံပါဝင်သည်။
  • အသွင်ကူးပြောင်းနေဆဲမြန်မာနိုင်ငံ၏ နေ့စဉ်တရားစီရင်ရေးနှင့် လုံခြုံရေး (Everyday Justice and Security in Myanmar in Transition) သုတေသနလုပ်ငန်းသည် လေးနှစ်ကြာဆောင်ရွက်သည့် သုတေသနဖြစ်ပြီး၊ ၂၀၁၅ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည်။ ဤစီမံကိန်းကို Danish Institute of International Studies (DIIS)၊ ရန်ကုန်တက္ကသိုလ် မနုဿဗေဒဌာနနှင့် EMReF တို့က ပူးပေါင်းဆောင်ရွက်သည်။ ဤစီမံကိန်းတွင် မြန်မာနိုင်ငံ၏ ပုံစံတကျမဟုတ်သော တရားစီရင်ရေး စနစ်များ၊ ဓလေ့ထုံးတမ်းဆိုင်ရာ တရားစီရင်ရေးစနစ်များနှင့် ၄င်းတို့၏ ပြောင်းလဲမှုများကို လေ့လာပါသည်။ သုတေသနအစီအစဉ်တွင် ရန်ကုန်၊ မွန်နှင့် ကရင်ဒေသများ လွှမ်းခြုံပါဝင်သည်။ စီမံကိန်း ကာလအတွင်း သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်းအပြင်၊ ဥပဒေစနစ်များစွာနှင့် တိုင်းရင်းသား လူမျိုးစုရေးရာ (Legal Pluralism and Ethnography) ဘာသာရပ်အတွက် မြန်မာနိုင်ငံရှိ ပညာရေးအဖွဲ့များနှင့် CSOs များကို သုတေသနစွမ်းရည်များ တည်ဆောက်ပေးရန်လည်း ရည်ရွယ်ထားပါသည်။
  • မြန်မာနိုင်ငံရှိ တရားစီရင်မှုကို လက်လှမ်းမီမှုနှင့် ပုံစံတကျမဟုတ်သော တရားစီရင်ရေးစနစ်များကို လေ့လာခြင်း (Access to Justice and Informal justice system in Myanmar)သုတေသန လုပ်ငန်းကို ၂၀၁၅ ခုနှစ်၊ နှစ်လယ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး၊ ကချင်၊ ရခိုင်နှင့် ရှမ်းပြည်နယ်များတွင် တရားစီရင်မှုကို လက်လှမ်းမီမှုနှင့် ပုံစံတကျမဟုတ်သော တရားစီရင်ရေးစနစ်များကို လေ့လာဆန်းစစ်ခဲ့သည်။ ဤစီမံကိန်းကို ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ ရန်ပုံငွေထောက်ပံ့ပါသည်။