လူမှုစီးပွားရေး

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနှင့် တစ်ဖက်တွင်လည်း အားလုံးပါဝင်သော ရေရှည်ဖွံ့ဖြိုးမှု တိုးတက်စေရေးအတွက်၊ နိုင်ငံအနှံ့အပြားရှိ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းစနစ်များကို လွှမ်းမိုးနေသော အချက်များကို နားလည်ထားရန် လိုအပ်ပါသည်။ သို့ဖြစ်၍ EMReF အဖွဲ့သည် အသက်မွေးဝမ်း ကျောင်းနှင့်စားနပ်ရိက္ခာဖူလုံရေးအဖွဲ့ (LIFT) နှင့် ကမ္ဘာ့ဘဏ်တို့နှင့် ပူးပေါင်းကာ၊ ၂၀၁၂ ခုနှစ်မှစတင်၍ လူမှုစီးပွါးစောင့်ကြည့် လေ့လာခြင်း သုတေသနလုပ်ငန်း (QSEM) ကို ဆောင်ရွက်နေပါသည်။ QSEM သုတေသန လုပ်ငန်းတွင် မြန်မာနိုင်ငံရှိ ဧရာဝတီ၊ မန္တလေး၊ မကွေး၊ ချင်း၊ ရခိုင်၊ ရှမ်းစသည့် ပြည်နယ်/တိုင်းဒေသကြီး (၆)ခု မှ ကျေးရွာပေါင်း (၅၆)ရွာကို ဖြန့်ကျက်လေ့လာထားသည်။ (၈) ကြိမ်မြောက် QSEM သုတေသနလုပ်ငန်းမှစ၍ ကချင်ပြည်နယ်ကိုလည်း ထည့်သွင်းလေ့လာခဲ့ပြီး၊ ပေါင်းစပ်နည်းလမ်းများ (mixed methods) ကို အသုံးပြုထားသည်။ QSEM သုတေသနစီမံကိန်းကို LIFT အဖွဲ့က ရန်ပုံငွေထောက်ပံ့ပြီး၊ ကမ္ဘာ့ဘဏ်က နည်းပညာ အကူ အညီပေးပါသည်။ QSEM စီမံကိန်းသည် LIFT အဖွဲ့၏ အဓိကစောင့်ကြည့်အကဲဖြတ်စနစ်ကို အားဖြည့်ပေးပြီး၊ LIFT အဖွဲ့က လုပ်ငန်းဆောင်ရွက်နေသည့် သို့မဟုတ် လုပ်ငန်းဆောင်ရွက်မည့် ကျေးရွာများရှိ အသက်မွေးဝမ်း ကျောင်းဆိုင်ရာ ပြဿနာများကို ထဲထဲဝင်ဝင်လေ့လာဆန်းစစ်ပေးပါသည်။ အထူးသဖြင့် QSEM စီမံကိန်းသည် အေက်ပါတို့ကို နက်ရှိုင်းစွာနားလည်စေရန် ရည်ရွယ်ထားပါသည် -

  • LIFT အဖွဲ့က စီမံကိန်းများအကောင်အထည်ဖော်နေသည့် ဒေသများ၏ ရုပ်ပိုင်း၊ စီးပွါးရေး၊ လူမှုရေးနှင့် အဖွဲ့အစည်းဆိုင်ရာ အကြောင်းအရာများနှင့် ယင်းအကြောင်းအရာများက ဒေသအသီးသီးတွင် မည်သို့ ပြောင်းလဲနေသည်။
  • ဒေသတွင်း အကြောင်းအရာများက ကျေးရွာသားများ၏ အသက်မွေးဝမ်းကျောင်းရွေးချယ်မှုများနှင့် ကောင်းကျိုးတို့ကို မည်သို့ ပုံဖော်ပေးနေသည်။
  • (LIFT အဖွဲ့၏ အကူအညီများအပါအ၀င်) ပြင်ပအထောက်အပံ့များက ဒေသတွင်းအကြောင်းအရာ များကို ပုံဖော်ရာတွင်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးတက်စေရာတွင် မည်သို့ပါဝင်နေ သည်၊ မည်သည့် အတိုင်းအတာအထိပါဝင်နေသည်။